တာလေမြို့၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တာလေ ဇူလိုင် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ပေါင်ချိန်ခြင်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့ နံနက်ပိုင်းက နားယောင်း ကျေးရွာအုပ်စုရှိ နားအွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

“ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်စေပြီး ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချ ကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများအပြင် ကိုယ်ဝန်ဆောင် မိခင်များအား Td ကာကွယ်ဆေးထိုးနှံ‌ပေးခြင်းကို ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရန် တာလေတိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦးက ကြီးကြပ်မှုဖြင့် ကလေးငယ်(၃၀)အား သားဖွားဆရာမ ဒေါ်ခင်ခင်ရီနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းထိုးနှံ‌ပေးကြကြောင်း” သိရသည်။

တာလေမြို့တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်း အစီအစဉ်တွင် ကလေးငယ်များအား  ဝက်သက်-ဂျိုက်သိုး၊ BCG ကာကွယ်ဆေး၊ PCV ငါးမျိုးစပ် ကာကွယ်ဆေး၊ Penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ OPV  ပိုလီယိုအစက်ချကာကွယ်ဆေးထိုးခြင်း၊ အစက်ချကာကွယ် ဆေး တိုက်ကျွေးခြင်းများနှင့် ကလေးငယ်များကို ပေါင်ချိန်ခြင်းများအပြင် ကိုယ်ဝန်ဆောင် မိခင်များအား Td ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ဇူလိုင်လ ၅ ရက်‌နေ့တွင် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ ဝိန်းလန်းကျေးရွာ‌ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင်လည်း ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုအစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်မည်ဖြစ်‌ကြောင်း သိရသည်။

အောင်ကျော်မိုး