မိုးနဲ ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးရောက်ရှိမှုပေါ်မူတည်၍ ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်း (၁၀၀) ဦးအား မြို့နယ်ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းသွင်းခြင်းတို့ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးပြီးသွားလျှင်လည်း နှာခေါင်းစည်းတပ်ခြင်း၊ အပြင်မှ ပြန်လာ လျှင် လက်ဆေးခြင်းတို့အပြင် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ )