မွန်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

မော်လမြိုင် ဇူလိုင်     ၄


မွန်ပြည်နယ်၌  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့က မော်လမြိုင်မြို့၊  မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး   အောင်ဆန်းခန်းမ၌  ဆောင်ရွက်ခဲ့ရာ  မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး  ဗိုလ်မှူးကြီး ဇော်မင်း​အောင်၊  ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊   ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊   မော်လမြိုင် မြို့နယ်ဆေးရုံကြီးများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ  တက်ရောက်ခဲ့ကြသည်။


အဆိုပါ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌  မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်များရှိ နေအိမ်တွင် နေထိုင်ရေး  (Stay At Home) အစီအစဉ်တွင် ပါဝင်ခြင်းမရှိသော မြို့နယ်များလိုက်နာရန် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသ​ရေး ဗဟိုကော်မတီမှ အချက်(၁၄) ချက်ပါရှိသည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ထုတ်ပြန်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်   ဆောင်ရွက်ရန်လိုအပ်ကြောင်း၊   လက်ရှိအနေအထားအရ    ပိုးတွေ့လူနာအရေအတွက် များပြားလာပြီးဖြစ်ကြောင်း၊ လူသွားလူလာများသည့် နေရာများကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များဖြင့်  စည်းကမ်းတကျ  ထိန်းသိမ်းနိုင်ရန်လိုအပ်ကြောင်း၊   အားလုံးပူး​ပေါင်းဆောင်ရွက်မှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်​နိုင်မည် ဖြစ်ကြောင်း​ပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်ကြသည့်  သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စနှင့် စပ်လျဉ်း၍  ရှေ့ဆက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများနှင့် ပြည်သူများအနေဖြင့်လည်း အထူးဂရုပြုအလေးထားနိုင်​ရေး၊  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အစရှိသည်တို့ကို​ ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)