ကာလိမြို့မဈေးနှင့် ပျံကျဈေးတို့၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ကာလိ  ဇူလိုင် ၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးနှင့်ပျံကျဈေးတို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၇)နာရီခန့်က ကာလိမြို့ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတို့က ပူးပေါင်း၍  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိနယ်မြေစခန်းမှ ရဲအုပ် လှဟန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကာလိမြို့ ဒေသဆိုင်ရာအဖွဲ့အစည်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်း၍ ကာလိမြို့ မြို့မဈေးနှင့် ပျံကျဈေးအတွင်း၌ ဈေးရောင်းနေကြသည့် ပြည်သူများ ဈေးသို့ လာရောက်ဝယ်ယူနေကြသည့် ပြည်သူများတို့အား  ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ဟောင်းနွမ်းနေသော နှာခေါင်းစည်း တပ်ဆင်ထားသည့် ပြည်သူများအား အသစ်လဲလှယ်ပေးခြင်း၊  နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ လိုက်လံဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးကာ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်စေရန်၊ လက်ကို မကြာခဏ ဆေးကြောပေးရန် စသည့် အသိပညာပေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)