နမ္မတူမြို့နယ်တွင် မူဆယ်မြို့မှပြန်လာသူ အမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိ

နမ္မတူ ဇူလိုင် ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ နံနက်(၁၁)နာရီခွဲ အချိန်ခန့်က မူဆယ်မြို့မှ ပြန်လာသူ အမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာမှာ အသက် (၄၁)အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး  မူဆယ်မြို့မှ (Stay at Home) သတ်မှတ်ထားသော လားရှိုးမြို့ကိုဖြတ်ကာ ဆိုင်ကယ်ဖြင့် နမ္မတူမြို့နယ်သို့ ပြန်လာသောကြောင့် နမ္မတူမြို့နယ် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ပိုးတွေ့လူနာအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ပိုးတွေလူနာမှာ ယခုအချိန်အထိ ကျန်းမားရေးကောင်းမွန်လျက်ရှိကာ ဘော်တွင်းကျေးရွာအုပ်စု၊ ကျားစခန်းကျေးရွာ (လောပ)ရှိ ၎င်းတစ်ဦးသာနေထိုင်သည့် နေအိမ်အား အသွားအလာကန့်သတ်ထားရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။

နမ္မတူမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ (၇)ဦးရှိပြီး (၃)ဦးမှာ ရောဂါကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း၊ (၁)ဦး သေဆုံးခဲ့ကြောင်းနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသူ ပိုးတွေ့လူနာ (၃)ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)