မအီ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၌ ဇူလိုင်လ(၃)ရက် နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မအီမြို့၊ 66kv ဓာတ်အားခွဲရုံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မအီမြို့၊ သစ်တောဦးစီးဌာနမှဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ကြီးမှူးကျင်းပပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်းအင်အား (၆၀)ဦး တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး(၁၅၀၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မအီမြို့ သစ်တောဦးစီးဌာနတွင် သစ်တောကြိုးဝိုင်းများတွင် စိုက်ပျိုးရန်သော်လည်းကောင်း၊ ကျေးရွာ စိုက်ခင်းများတွင် လည်းကောင်း၊ သစ်ပင် စိုက်ပျိုးလို သူပြည်သူများအတွက် ပျိုးပင်ပေါင်း(၁၀၀၀၀)ကို အခမဲ့ဖြန့်ဝေရန် ပျိုးထောင်ထားရှိလျက်ရှိကြောင်း မအီမြို့၊ သစ်တောဦးစီးဌာနမှ မအီတာဝန်ခံ ဦးကျော်နိုင်စိုး ကပြောကြားခဲ့သည်။
မောင်မောင်ဌေး