စစ်တွေ ဇူလိုင် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံဇာထိုးပန်းထိုး သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပေး လျက်ရှိပြီး စစ်တွေမြို့နယ်အတွင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကာ စစ်တွေမြို့ပေါ်မှ ဇာထိုးပန်းထိုးကျွမ်းကျင် သင်တန်းနည်းပြများက စာတွေ့လက်တွေ့ ရက် ၂၀ ကြာ သင်ကြား ပို့ချပေးလျက်ရှိသည်။
သင်တန်း ဖွင့်ပွဲတွင် စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောဝေက အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ် ဦးစီးမှူး ဦးသန်းစိုးဦးက သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းနှင့် သင်တန်းဖွင့်လှစ်သင်ကြားမည့် ကာလတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က သင်တန်းနည်းပြများနှင့်သင်တန်း သူများအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
စစ်တွေမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ ကျေးလက်ဒေသ များတွင် ကျွမ်းကျင် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စေရေး ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း