ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၅)ဦး ထပ်မံတွေ့ရှိ

မောင်တော ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့နယ်သို့ ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်လှေကားကျေးရွာ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ၊   ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့ က Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၅)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  

အဆိုပါ ပိုးတွေ့လူနာများအား သက်ဆိုင်ရာတပ်ဖွဲ့ခွဲများရှိ သီးသန့်ဆောင်နှင့် မောင်တောမြို့ ပြည်သူ့ဆေးရုံရှိ  ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိရာ  ယခုအခါ မောင်တော မြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၁၅၄)ဦး ရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၅)ဦးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်း ခွင့်ပြုခဲ့ပြီး လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၁၄၉)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။   

သက်လွင်စိုး