ကျောက်ဆည်မြို့တွင် ပြည်သူများ သောက်သုံးရေ ဖူလုံစွာပေးနိုင်ရေး အဓိကကျသည့် ဇော်ဂျီရေထိန်းဆည်အား ဘက်စုံပြန်လည်ပြုပြင်

ကျောက်ဆည် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်နှင့် တံတားလည်ရပ်ကွက်အကြား၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအနီးတွင် ၂၀၀၂-၂၀၀၃ ခု ဘဏ္ဍာနှစ်က တည်ဆောက်ခဲ့သော အဓိကကျ သည့် ဇော်ဂျီရေထိန်းဆည်အား  ပြည်သူများအတွက် သောက်သုံးရေဖူလုံစွာ ပေးနိုင်ရေးအတွက် ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ဘက်စုံပြန်လည်ပြုပြင် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ လုပ်ငန်းများ ပြန်လည်ပြုပြင်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် (၁၄)သန်းဖြင့် ဟိုက်ဒရောလစ် ရေတံခါးများအား ပြန်လည်ပြုပြင်ခြင်း၊ မြစ်ရေလျှံမှုကြောင့် ရေတိုက်စားသွားသည့် ရေထိန်းဆည်အောက်ဘက် ယာဘက်ခြမ်း မြစ်ဘောင်အား အရှည်(၈၆)ပေ၊ အမြင့်(၄)ပေ၊ အကျယ်(၁၀)ပေ၊ ဂျင်းကျောက်မြေဖို့ခြင်း၊ ရေထိန်းဆည် ဝဲဘက်ခြမ်းတွင် အရှည်(၆၁)ပေ၊ အမြင့်(၃)ပေ၊ အကျယ်(၁၀)ပေ၊ ဂျင်းကျောက်မြေဖို့ခြင်းနှင့် အရှည်(၇၂)ပေ၊ အမြင့်(၄)ပေ၊ ထု(၉)လက်မရှိ ဝဲဘက်ခြမ်း မြစ်ကြမ်းပြင် ကွန်ကရစ်လောင်းခြင်းနှင့် အုတ်စီခြင်း၊ ဆိုင်ဘုတ်အသစ် ရေးသားခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ(၄၀)ခိုင်နှုန်း ပြီးစီပြီဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ဇော်ဂျီရေထိန်းဆည်သည် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအတွက် သောက်သုံးရေဖူလုံစွာ ပေးနေသည့် ရေသန့်စက်ရုံအတွက် ဆောက်လုပ် ထားသည့် အဓိကကျသည့် ရေထိန်းဆည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်