တာလေမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ

တာလေ ဇူလိုင် ၃

၂၀၂၁ ခုနှစ် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလမ်းစိုပြည်‌ရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းနိုင်ရန် သစ်တောဦးစီး ဌာနက စီစဉ်မှုဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော်ကို မိုင်းလင်း (အနောက်)ကျေးရွာအုပ်စု ရှိ မိုင်းလင်းဆရာတော် ဘုရားကြီးကျောင်းဝင်းအတွင်း ယနေ့ နံနက် ၈ နာရီ က ကျင်းပသည်။

“မိုးရာသီကာလတွင် ကျရောက်နိုင်သည့် သဘာဝ‌ဘေးဒဏ်ခံစားရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေ ရေးနှင့် သဘာဝသစ်တောများ ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ ပြောင်းလဲ လာသည့် ရာသီဥတုဒဏ်အမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းလာသည့် သဘာဝတောများ ပြန်လည် စိမ်းလန်းစိုပြည် လာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပွဲတော် ကျင်းပခြင်းဖြစ်ပါတယ်” ဟု တာလေမြို့ သစ်တောဦးစီးဌာနက ပြောသည်။

တာလေမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ‌တော်ကို သစ်တောဦးစီးဌာနက စီစဉ်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ မြို့မိမြို့ဖများနှင့် ဒေသခံလူထုက စုပေါင်း၍ ကျွန်း(၂၀၀)ပင် မန်ဂျန်ရှား(၂၀၀)ပင် နှင့် သစ်သီးသစ်ပင်စားပင် (၁၅၀)ပင် စုစုပေါင်းပျိုးပင် (၅၅၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

အောင်ကျော်မိုး