ပူတာအို၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းဖွင့်

ပူတာအို ဇူလိုင် ၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့်အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုး ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အားညီဟဲ့က ကျေးရွာ အဆင့်ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်ကိုဆွေးနွေးပို့ချပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဘော်ဆာရမ်က အစိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာဘာသာရပ် ကိုအသိပညာပေး ဆွေးနွေးပို့ချခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေး က စပါးအထွက်နှုန်းကောင်းလာစေရန် မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း၊ လယ်ယာမြေစွန့်ပစ်အမှိုက်များအား သဘာ၀မြေဩဇာ ပြုလုပ်သုံးစွဲရေးနှင့် သစ်စိမ်းမြေဩဇာကျွေးခြင်းတို့ကို အသိပညာပေး ဆွေးနွေးပို့ချခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးနန်ဟီးဆင်က ၀က်မွေးမြူရေးနှင့်ကျွဲ နွား လည်ချောင်းကွဲ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဆွေးနွေးပို့ချခဲ့ သည်။

သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသားသင်တန်းသူ(၁၃)ဦးတို့အား နံနက် (၁၀)နာရီမှညနေ(၄)နာရီခွဲအထိ တစ်ရက်ကြာ ဆွေးနွေးပို့ချပေးခဲ့ခြင်းဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်နှင့်လိုက် လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘ၀များ အဆင့်မြင့်မား တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးအောင်ဇော်လင်းက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)