ရန်ကုန် ဇူလိုင် ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၏ စီစဉ်မှုဖြင့် ဝန်ထမ်းများ၊ အင်္ဂလိပ်စာ အသုံးအနှုန်း မှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေး၊ လုပ်ငန်းခွင်၌ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်နှင့် စွမ်းဆောင်ရည်မြင့်မားရေး စသည့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်၊ ထုတ်လုပ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးမြင့်ဆွေ၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်ဌေး၊ သက်ဆိုင်ရာ ဌာနခွဲများမှ တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်ရန်အတွက် အရေး၊ အဖတ်၊ အပြော၊ အကျက်အမှတ်၊ လေ့ကျင့်ခြင်းကို စိတ်အားထက်သန်းစွာ သင်ယူဆောင်ရွက်ကြရန် ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးခင်မောင်အေးက Vocabulary Building, Communication Grammar, Reading Comprehension, Translation စသည့် သင်ကြားပို့ချပေးမည့် သင်ခန်းစာ အစီအစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ယနေ့ ဖွင့်လှစ်သည့် သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းသား(၁၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး (၁၃)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်