နေပြည်တော် ဇူလိုင် ၂
နေပြည်တော်ကောင်စီရုံး ၂၀၂၁ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သတ်မှတ်နေရာ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကိုစိုက်ပျိုးပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က မဟော်ဂနီပင်ကိုလည်း ကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ခရေပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပိတောက်ပင်ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်က ယင်းမာပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ကျွန်းပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က သပြေပင်ကို လည်းကောင်း အသီးသီးစိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာတာဝန် ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်ပျိုးပင်များကိုစိုက်ပျိုးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ယင်းမာ၊ မဟော်ဂနီ၊ စစ်၊ မန်ဂျန်ရှား၊ သပြေ၊ ခရေနှင့် ကံ့ကော်ပင်စသည့် ပျိုးပင် မျိုးစုံ စုစုပေါင်း(၂၁၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း