ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တစ်ရက်တည်း (၅)ဦးတွေ့ရှိ

ပျော်ဘွယ် ဇူလိုင် ၂
 
ပျော်ဘွယ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီး(၆)ဦးသည် ဇူလိုင်လ(၂)ရက်၊ နံနက်(၁၀) နာရီခွဲ အချိန်ခန့်တွင် အနံ့မရရှိကြောင်း အကြောင်းကြားလာမှုကြောင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန် ရှိသူများက ၎င်းတို့(၆)ဦးအား ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ အိုးအိမ်ဝန်ထမ်း အိမ်ယာ Facility Quarantine တွင်ခေတ္တ ထားရှိပြီး စစ်ဆေးခဲ့ရာ (၄)ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း၊ ကျန်နှစ်ဦးမှာ ရောဂါပိုးမတွေ့ခဲ့ကြောင်းသိရသည်။
 
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် (၄)ဦးအား ဆေးကုသနိုင်ရေးအတွက် ရန်အောင်တိုက်နယ်ဆေးရုံ၊ ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ မြင်းဘက်ရပ်ကွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတို့တွင် ခွဲခြားပို့ ဆောင် ကာ ဆေးကုသမှုပေး နေကြောင်း၊ ရောဂါပိုးမတွေ့သူ(၂)ဦးအား ရန်အောင်ကျေးရွာပိုင် အဆောက်အဦး တွင် Facility Quarantine ထားခဲ့ကြောင်း၊ ထို့အပြင် နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် ရန်အောင်ကျေးရွာတွင် ဖျားနာ၍ဆေးကုသမှု ခံယူနေသူတစ်ဦးအား Rapid Diagnostic Test Kits ဖြင့်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသူများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
 
ပျော်ဘွယ်မြို့နယ်တွင် တစ်ရက်တည်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၅)ဦး အထိရှိလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်သွားလာရေးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော် လျက်ရှိကြောင်းသိရသည်။
 
မင်းမင်းထွေး(ပျော်ဘွယ်)