သုံးခွ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်၊ ကွက်သစ်ကန်လမ်းဆုံတွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ပြည်သူများ၊ လမ်းကူးသွားလာရာတွင် လွယ်ကူ အဆင်ပြေစေရန် Box Culvert လမ်းကူးကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ရန် စက်ယန္တရားဖြင့် မြေတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး အနော်ရထာ လမ်းမကြီးနှင့် ကွက်သစ်ကန်လမ်းဆုံ၌ အလျား ၂၂ပေ၊ အနံ ၄ပေ၊ အမြင့်၄ပေရှိ Box Culvert တစ်စင်းတည် ဆောက်နေခြင်းဖြစ်ပြီး၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် သတ်မှတ်ရက် ပြီးစီးစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်နေခြင်း ဖြစ်ပြီးအဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက ရေစီးရေလာ ကောင်းမွန်ရေး အဆင်ပြေပြီး ယခင်ကထက် သန့်ရှင်းသာယာလှပလာမည် ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့ပေါ်ရပ်ကွက်များ၌ Box Culvert (၁၅)စင်း တည်ဆောက်မည်ဖြစ်ရာ (၁၃)စင်း တည်ဆောက်ပြီးစီးခဲ့ပြီး၊ ယခုတစ်စင်းတည်ဆောက် ခြင်းသည် (၁၄)စင်းမြောက် တည်ဆောက်ခြင်းဖြစ်ကာ၊ ကျန်တစ်စင်းအား ဆက်လက်တည်ဆောက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်း Box Culvert တံတားများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် သက်မှတ်ရက်ပြီးစီးစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှထံမှ သိရသည်။