မလှိုင်မြို့တွင် ဟိုတယ် Quarantine ဖွင့်လှစ်နိုင်ရန် လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

မလှိုင်၊  ဇူလိုင် ၂

မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီကကြီးမှူး၍ မြို့အဝင်/အထွက်များတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များ ပြန်လည်ထားရှိရေးနှင့်ဟိုတယ်  Quarantine များထားရှိရေး တည်းခိုခန်းပိုင်ရှင်များ နှင့်တွေ့ဆုံ ညှိနှိုင်း အစည်းဝေးကို ယနေ့နံ နက် ၉ နာရီ အချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက် ကအဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည် ကူးစက်မြန်သည့်အတွက် ကြိုတင်ကာကွယ်ရေးကို အလေးထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြို့အဝင်/ အထွက်များတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ချထားပြီး စနစ်တကျစစ်ဆေး သွားမည်ဖြစ်ကြောင်း၊ Stay at Home ဒေသမှ ပြန်လည်ရောက်ရှိလာသူများနှင့် သံသယလူနာများကို Facility Quarantine နှင့် Hotal Quarantine ထားရှိ သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့်လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ် Quarantine ဖွင့်လှစ်ရန်ဆန္ဒရှိပါက ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆန္ဒရှိသူများရှိပါက တင်ပြ ပေးရန် ဖိတ်ခေါ်ခဲ့သည် ။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းဗိုင်းရပ်ပိုးအကြောင်းကိုရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် မြို့သူ/သားများအနေနှင့် ပူးပေါင်းပါဝင်‌ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များထဲမှ (၄)ဦးက ဟိုတယ် Quarantine ဖွင့်လှစ်ရန် ဆန္ဒပြုခဲ့ပြီး  မြို့နယ်ကိုဗစ် ကော်မတီမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့်ပြုပေးသွား မည် ဖြစ်ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)