ဗန်းမော်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ၍ လုပ်ငန်းတာဝန်များ ဖွဲ့စည်းတာဝန်ပေးအပ်

ဗန်းမော် ဇူလိုင် ၂
 
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အဆင့်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို
ဇူလိုင် ၁ ရက် မွန်းလွှဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက ဗန်းမော်မြို့နယ် အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေ နှင့် ပတ်သက်၍ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို လည်းကောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ထား သည့် သက်ဆိုင်ရာကော်မတီဝင်များအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် ပြောကြားပြီး တက်ရောက်လာသည့် ကော်မတီဝင်များက လိုအပ်သည်များ ကို ရှင်းလင်းပြခဲ့ကြသည်။
ဗန်းမော်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်စေရန် ဗန်းမော်မြို့ အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ကော်မတီဝင်များက တာဝန်အလိုက်ခွဲဝေ၍ စစ်ဆေး ကြပ်မတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါသံသယရှိ သူများနှင့် အသွားအလာကန့်သတ်ခံရသူ များအား အရေးပေါ်ထားရှိနိုင်မည့် Quarantine Centre များ ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
 
ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမှာ ဇွန်လ ၂၈ ရက်နေ့မှစတင် တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့အထိ ဗန်းမော်မြို့နယ်တွင် (၂၇)ဦး၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် (၃)ဦး၊ မန်စီမြို့နယ်တွင် (၄)ဦး၊ ရွှေကူမြို့နယ်တွင် (၆)ဦး ဗန်းမော်ခရိုင် အတွင်း၌ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၄၀)ဦးရှိကြောင်း သိရသည်။