ရန်ကင်း ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၊ အမှတ်(၁၅) ရပ်ကွက်မိုးကောင်း လမ်းမှတ် တမ်းရုံးဝင်း အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းမောင် က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံများအလိုက် နည်းလမ်း(၄) မျိုးခွဲခြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို စီမံချက်ကာလ (၁၈)လ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဆောင်သော အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှ မှတ်တမ်းရုံးဝင်းအတွင်းရှိ မြဝတီစာပေတိုက်တွင် နေထိုင်(၂၀) ဦးတို့အား တစ်ဦးချင်းအလိုက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်ပြည့် ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
လှလှထွေး