ကျောက်ဖြူ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း MASK အခမဲ့ဖြန့်ဝေမှုများဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး ဝန်ထမ်းများက လူစည် ကားရာ နေရာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုဆိုရင် မြန်မာနိုင်ငံမှာ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းတွေဟာ ပြန် လည်မြင့်တက်လာပြီးတော့ ကျွန်မတို့ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တွေမှာလည်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိရမှုတွေလည်း နေ့စဉ်တွေ့နေရတယ်၊ ဒီလိုရောဂါကူးစက်မှုတွေ နေ့စဉ်နှင့် အမျှ တိုးလာတာတွေကြောင့် ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေကို ဒီရောဂါကူးစက်မှုတွေ မရှိမရှိစေဖို့အတွက် ခုလိုအသိပညာပေးတွေကို ကွင်းဆင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း” ၎င်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ပြောကြားသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သည့်ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးကြီးနှင့် မြို့ပေါ် ရပ်ကွက်များ ရှိဈေးများ၊ လမ်းဆုံ လမ်းခွနေရာများ၊ အဝေးပြေးကားဂိတ်နေရာသို့ သွားရောက်ပြီး ဈေးသွား၊ ဈေးပြန်များ၊ အငှားယာဉ်မောင်းနှင်နေသူများ၊ လမ်းသွား လမ်းလာပြည်သူများအား လက်သန့်ဆေးရည်များဖြင့် လက်ကိုစက္ကန့် ၂၀ကြာ စနစ်တကျ ဆေးကြောနည်းများ၊ နှာခေါင်းစည်း MASK စနစ်တကျတပ်ဆင်နည်း များ၊ ကိုယ်အပူချိန်တိုင်းပေးခြင်းများ စသည့် အသိပညာပေး များအား ဆောင်ရွက်ပေးပြီး၊ နှာခေါင်းစည်း MASK အခု ၄၀၀ ကျော်အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။ ယင်းနောက် အဆိုပါဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိ ပညာပေးများအား အသံချဲ့စက်များဖြင့် နှိုးဆော်အသိပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာ ကားချပ်များအား အများမြင်သာသည့် နေရာများတွင် ချိတ်ဆွဲပြသခြင်းများ ကို ဆောင်ရွက်ခဲ့ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း