တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေး

တန့်ယန်း  ဇူလိုင်  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်း ချုပ်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာစျေး၌ ပိုးသတ်ဆေးဖျန်းပေးခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် မြို့နယ်စည်ပင်သာယာရေးစျေး အတွင်းအပြင်နှင့် စျေးရုံများအားလုံးကို ပိုးသတ်ဆေးဖျန်းခြင်းအား ဆောင်ရွက်ပေးလျှက်ရှိရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် စျေးတာဝန်ခံတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ငွေကျပ် နှစ်သိန်းခွဲ၊ စျေးတာဝန်ခံ ဦးစောနိုင်မှ ငွေကျပ် တစ်သိန်းခွဲတို့အား မြို့နယ်အရန်မီးသတ်တပ်ရင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)