နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံး

နမ္မတူ    ဇူလိုင်  

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယနေ့ နံနက် (၆)နာရီခန့်က ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးခဲ့သည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမှာ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာ အုပ်စု၊ ပန်ကွဲကျေးရွာမှ အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းတွင် အသက်ရှူမဝ၍ နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုသမှုခံယူစဉ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းလူနာအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့် ဆောင်တွင် အောက်ဆီဂျင်တပ်ဆင်ထားရှိပြီး ကုသဆောင်ရွက်ပေးခဲ့ရာ ဇူလိုင်လ (၂)ရက်နေ့ နံနက် (၆)နာရီခန့်တွင် သေဆုံးခဲ့ပြီး ရောဂါအခံမရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ သိရသည်။

၎င်းကိုဗစ်-၁၉ရောဂါပိုးတွေ့ သေဆုံးလူနာ၏ (Dead Body)အား မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်းကားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ သယ်ဆောင်ကာ နမ္မတူမြို့နယ်အထွက် မီးသင်္ဂြိုလ်စက်တွင် မီးသင်္ဂြိုလ်ပေးခဲ့ပြီး အဆိုပါပိုးတွေ့လူနာကိစ္စဆောင်ရွက်ခဲ့သည့် နေရာများအား ပိုးသတ်ဆေးဖြန်းဆောင်ရွက်ပေးခဲ့ကြောင်း မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်းမှ သိရသည်။

ဆက်လက်၍ သေဆုံးပိုးတွေ့လူနာ နေထိုင်ခဲ့သည့် ကြူဆော့ကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာရှိ ၎င်း၏ နေအိမ်အပါအဝင် ထိတွေ့ဆက်စပ်ခဲ့သူ (၁၂)ဦး၊ နေအိမ် (၅)အိမ်အား (Home Qurantine) ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး (၆)ဦးရှိပြီဖြစ်ပြီး (၁)ဦးသေဆုံးကာ၊ (၅)ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)