ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦးအား ကားဖြင့် တိုက်မိရာ ဒဏ်ရာရရှိသွားကြောင်း သိရသဖြင့် ကြက်ခြေနီ အသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား (၁)စီးဖြင့် အချိန်နှင့် တစ်ပြေးညီ သွားရောက်၍ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ရှေးဦးပြုစု နည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီ အသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၂)စီးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို