ကျိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက် ရမည့် ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ၊ မြို့ဝင်/မြို့ထွက်ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ စနစ်တကျ ဆောင်ရွက်ရန်၊ ကော်မတီဝင်များအနေဖြင့် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာများအတွင်း၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများအား အသိပေးနှိုးဆော်မှုများကို စဉ်ဆက် မပြတ် ပြုလုပ်ရန်လိုအပ်ကြောင်း၊ မြို့မဈေးကြီးအတွင်းနှင့် မြို့တွင်းစားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန် အသိပေးနှိုးဆော်မှုများကို ကွင်းဆင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေး အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်လိုအပ်သည့် အထောက်အကူပစ္စည်းများကို ပံ့ပိုးကူညီပေးနိုင်ရေး၊ Quarantine Centre များကို စနစ်တကျထားရှိဆောင်ရွက်ရမည့် လုပ်ငန်း လိုအပ်ချက်များနှင့် အခြေခံပညာကျောင်းများတွင် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေး အလေးထားဆောင်ရွက်ရမည် လုပ်ငန်းများ စသည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)