မိုင်းယောင်း ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ မြို့မဈေး၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များအနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
အဆိုပါလိုက်လံစစ်ဆေးခြင်းကို နေ့ပိုင်းဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်စီမံကိန်းဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆေးယျ၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားထူယာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ကျန်းမာရေးဆရာမ ဒေါ်နန်းနွဲ့၊ လက်ထောက်လဝကမှူး ဦးရဲသီဟဇော်၊ ပြန်/ဆက်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်၍ မြို့မဈေးအတွင်း ဈေးရောင်းသူနှင့် ဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ရန်၊ ဈေးအတွင်း၌ Mask နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ထားရှိမှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး COVID-19 ရောဂါကို မိမိကစ၍ ကြိုတင်ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆက်လက်စစ်ဆေးရာ စားသောက်ဆိုင်အဝင်ဝနေရာ၌ လက်ဆေးဘေစင်၊ ဆပ်ပြာနှင့် လက်သန့်ဆေးရည်များ ထားရှိရန်၊ ဆိုင်ဝန်ထမ်းများလည်း လက်အိတ်နှင့် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ရန်၊ စားပွဲ၌ ပလပ်စတစ်ပြားဖြင့် ကာထားရန်၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရန်၊ ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း COVID-19 ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အလေးထားပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အားချာ