ပိုင်ကျုံမြို့ မိုးနိုင်းချောင်းကူးကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ

ပိုင်ကျုံ ဇူလိုင် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မိုးနိုင်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။

တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် အဆိုပါတံတားကိုတည်ဆောက်သည့် Universal Sky Top Co.Ltd မှ တာဝန်ရှိသူတစ်ဦးက တံတားဆိုင်ရာအချက်အလက်များအား ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်၊ အခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် နယ်ခြားစောင့်တပ်များကွပ်ကဲရေးနှင့် ဗဟိုအကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီးစောဖါးနွီးတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း၍ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် မိုးနိုင်းချောင်းကူးတံတားသည် အရှည် ၁၅၂ မီတာ၊ အကျယ် ၄ ဒသမ ၇ မီတာရှိ Submersible Bridge အမျိုးအစားဖြစ်ပြီး Japan Infrastructure Partners(JIP) ၏ စီမံမှုဖြင့် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်မှ ငွေကျပ် ၄၉၈ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကာ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ(၁၁)ရှိ ဒေသခံပြည်သူများအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)