ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူ(၃၆)ဦးကို Swabယူ စစ်ဆေးရာ (၁၀)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု ဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ တွဲလက်လူမှု ကူညီရေးသင်းနှင့် စိန်ရတနာ နာရေးကူညီမှုအသင်းများရှိ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၃၆)ဦးကို သွားရောက် ခေါ်ဆောင်ကာ အင်းစိန်(GTI) Quarantine Center (၃) တွင် Swab ယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၁၀)ဦး တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ ရှိသည့်သူများကို နေ့အိမ်တွင် Home Quarantine ထားရှိမည် ဖြစ်ရာ ဒုတိယအကြိမ် Swab ယူ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်မှ(၂)ဦး၊ စော်ဘွားကြီးကုန်း ရပ်ကွက်မှ (၂)ဦး၊ ရွာမအရှေ့ ရပ်ကွက်မှ (၄)ဦး၊ တောင်သူကုန်းရပ်ကွက်မှ (၁)ဦးနှင့် ကွက်သစ်ရပ်ကွက်မှ(၁)ဦး စုစုပေါင်း(၁၀)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ အသီးသီးပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့် ပရဟိတအသင်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို