ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂၈)ဦး ထပ်မံတွေ့ရှိ

ကျောက်ဆည် ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျောက်ဆည် ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး  ဝန်ထမ်းများမှ  ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ ပိုးတွေ့ရှိသူ(၂၈)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူလူနာနှင့် ထိစပ်ခဲ့သူ မြဘုရင်နို့ချက်စက်ရုံမှ အမျိုးသား(၁၅)ဦး၊ မြန်မာစီးပွားရေးဘဏ်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁၅)ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၅)ဦး၊ ကျန်းမာရေး ဝန်ထမ်းအမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ သံတော်မြတ် ဘိလပ်မြေစက်ရုံမှ အမျိုးသား(၁၈)ဦး၊ မြို့မရဲစခန်းအချုပ်ခန်းမှ အမျိုးသား (၇)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း အမျိုးသား(၅၆)ဦး၊ အမျိုးသမီး(၂၂) ဦးတို့အား Test Kit ဖြင့်စစ်ဆေးရာ အမျိုးသား(၂၈)ဦး တွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား လူမှုကူညီရေးအသင်း(ကျောက်ဆည်)မှ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့် ကုသပေး လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)