သံတွဲ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက် ၇ နာရီခွဲအချိန် က သံတွဲမြို့ ဒွါရာဝတီမြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဓေါ်ခင်ခင်စောဦးဆောင်သည့် ဝန်ထမ်းများ၊ အမှတ် ၂၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ရွှေ ဦးဆောင်သည့်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့ အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း (mask) များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ မော်တော် ယာဉ်များပေါ်တွင် ခရီးသည်များ ပြည့်ကြပ်စွာ မတင်ဆောင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သိရသည်။