မုဒုံ ဇူလိုင် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး ဒေါ်နွယ်နွယ်ဝါက သင်တန်းသူများအား သင်တန်းတွင် ပို့ချခဲ့သောပညာရပ်များကို လက်တွေ့ နယ်ပယ်၌ အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ မိမိတို့တက်မြောက်သည့် ပညာရပ်များဖြင့် အိမ်တွင်းမှု လုပ်ငန်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုအောင် လုပ်ဆောင်စေလိုကြောင်း၊ အဆင့်မြင့် စက်ချုပ်နည်းပညာရပ် များကို လည်း ဆက်လက်တက်ရောက် လေ့လာစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို သက်ဆိုင်ရာ တာဝန်ရှိ သူများက အသီးသီးပေးအပ်ခဲ့သည်။ အဆိုပါအခြေခံစက်ချုပ်သင်တန်းကို တစ်လကြာ သင်တန်း နည်းပြ ဆရာမ(၂)ဦးဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၂၀)ဦးတို့ကို အမျိုးသမီးရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ နောက်ဇစ်အင်္ကျီ၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီ၊ ထီးဂါဝန်၊ လေးလွှာစကတ်၊ ချိတ်စကတ်ချုပ် နည်းပညာရပ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ