မင်္ဂလာဒုံ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” ဖြင့် ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စာထောက်(၃)ဒေါ်စန္ဒာမိုးက စေတနာကြောင့် ဝေဒနာ မဖြစ်စေလို ကလေးဖတ်စရာ ကလေးစာ နှုတ်ကြမ်း၊ လက်ကြမ်း၊ လူသရမ်း၊ ချစ်ရာမရောက် နှစ်ရာရောက်၊ လှပခြင်းနှင့်အန္တရာယ်၊ အချိန်မီချုပ် အစုတ် သက်သာ အစရှိသော ခေါင်းစဉ်စာသားများအောက်ရှိ မိကောင်းဖခင်သားသမီး များ သိမှတ်လိုက်နာရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၏ အဖွဲ့ဝင်များကလည်း အမြင်ချင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မျိုးသန့်