မိုင်းပျဉ်း ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေး ပါးစပ်နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၆ နာရီက မြို့မစျေးနှင့် လူစည်ကားရာ လမ်းဆုံနေရာတို့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဝင်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မျိုးဟန်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိန်ဝင်း နှင့် ဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က စျေးရောင်းစျေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပထွက်တိုင်းပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို စနစ်တကျလိုက်နာကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ နေ့စဉ်မြို့တွင်းသို့ ဝင်ရောက်ဖြတ်သန်းသွားလာသူများအား RDT စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များအား လိုက်နာကြရန်အသိပညာပေးခြင်း စသည်တို့ကို တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်/ဆက်