တန့်ယန်း ဇူလိုင် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်ဆင့်ကော်မတီသို့ အလှူငွေပေးအပ်ပွဲနှင့် စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အလှူငွေပေးအပ်ပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများထံသို့ ပန်းသေးအသင်းအဖွဲ့မှ ငွေကျပ်(၁၀)သိန်း၊ အမှတ်(၄)ရပ်ကွက်နေ ဦးရွှေထွန်းနှင့် နန်းဆိုင်လော(ဝ်) မိသားစုမှ ငွေကျပ်(၅)သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် မြို့ဝင်/မြို့ထွက်ဂိတ်တွင် နေ့စဉ်တာဝန်ထမ်းဆောင်နေကြသော လူမှုရေးအသင်းအဖွဲ့ များဖြစ်သည့် မြို့နယ်အရန်မီးသတ်တပ်ရင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီမှ ဆန် (၂)အိတ်၊ ဆီ (၂၆)ပုလင်း၊ ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်ထုတ် (၂)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)