မိုင်းယောင်း ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် COVID-19 ရောဂါ စောင့်ကြပ် စစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက မိုင်းယောင်းမြို့နှင့် နီးစပ်သည့် တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်မြို့များတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူများ တွေ့ရှိလာရကြောင်း၊ မိမိတို့ မိုင်းယောင်းမြို့အနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့် နေထိုင်သွားလာရေး၊ MASK တပ်ဆင်ရေး၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း ခရီးသွားဧည့်သည် ဝင်/ထွက်သွားလာမှုကို တင်းကြပ်စွာ စောင့်ကြည့်စစ်ဆေးပြီး သက်ဆိုင်ရာ ခရီးသွားကျန်းမာရေး ထောက်ခံချက်ပါရှိမှသာ ဝင်/ထွက်ခွင့်ပြုရန်နှင့် နေရပ်ပြန်လာသူများအား Quarantine ထားရှိနိုင်ရေးအတွက် Quarantine Centre ကြိုတင်ပြင်ဆင်ထားရှိရေး၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ထားရှိရေး အတွက် သက်ဆိုင်ရာကော်မတီများနှင့်အတူ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ မြို့နယ်ရဲမှူး ရဲမှူး မျိုးမြင့်ဦးနှင့် တာဝန်ရှိသူများက COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အားချာ