မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မိုင်းယုမြို့ ဒွန်းနွဲ့တံတား နမ့်ဖွန်ချောင်းဖြောင့်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာလမ်းနှင့် တံတား အခြေအနေများ၊ ပြောင်းစိုက်ပျိုးထားရှိမှု စိုက်ခင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာတို့မှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် အဖွဲ့သည် မိုင်းလွေကျေးရွာအုပ်စု ဝမ်ဇလီကျေးရွာ အခြေခံပညာမူလတန်းကျောင်း(၉၀x၃၀) ပြင်ထိန်းကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အားချာ