ဟိုပန် ဇူလိုင် ၁
ဟိုပန်မြို့ပေါ်ရှိ ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေအား သိရှိနိုင်ရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးကျင်ဝမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များမှ လိုက်ပါ၍ ကြည့်ရှုစစ်ဆေးခဲ့ရာ ဟိုပန်မြို့နယ် ပညာရေးမှူး ဦးဝင်းလှိုင်မှ ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟိုပန်မြို့ဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ လူဝင်လူထွက်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု၍ တာဝန်ကျဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းနိုင်လင်း (ပြန်/ဆက်)