မူဆယ်ခရိုင်၌ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မူဆယ်      ဇွန်   ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့နေ့လည်ပိုင်းက ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ယခုအချိန်ကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း၊ မိမိတို့ မူဆယ်ပြည်သူ့ဆေးရုံ၌ ယနေ့အထိ ကိုဗစ်-၁၉ (Positive)လူနာ (၂၀)ဦးခန့် ဆေးရုံတက်ရောက်ကုသလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ့ထားကြ သော်လည်း ဌာနဆိုင်ရာများအနေဖြင့် ပေါ့ဆ၍ မနေသင့်ကြောင်း၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ နေထိုင်သွားစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဖွဲ့စည်းထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချူပ် ကုသရေးကော်မတီ၊ ဆပ်ကော်မတီများ တွင်ပါဝင်သည့် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များအနေဖြင့် မိမိတို့အား တာဝန်ပေးအပ် ထားသည့် လုပ်ငန်းများတွင် ကျန်းမာရေးသတိဖြင့် ပါဝင်ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လိုအပ်သည်များရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးအထူးသတိရှိရန်လိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နယ်မြေကျော်လွန်ခရီး သွားလာမည်ဆိုပါက သက်ဆိုင်ရာဒေသအာဏာပိုင်များထံ ခွင့်ပြုချက်ရယူပြီးမှသာ သွားလာကြရန် နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ရှေ့ဆက် ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချူပ် ကုသရေးကော်မတီ၊ ဆပ်ကော်မတီများတွင် ပါဝင်သည့် အသင်းအဖွဲ့များမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား အသီးသီး ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ   စုစုပေါင်း (၄၀)ဦး တက်ရောက်ကြကြောင်း သိရသည်။  

စန်းစန်း(မူဆယ်)