မန္တလေး ဩဂုတ် ၁၁
ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ COVID-19 Fund ချေးငွေအဖြစ် ငွေကျပ်ဘီလီယံ (၁၀၀) ကို ဒုတိယအကြိမ်မြောက် ထုတ်ချေးသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (MRCCI) မှတစ်ဆင့် ချေးငွေ လျှောက်ထားသူ (၆၄၈) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဒုတိယအကြိမ်မြောက် ချေးငွေလျှောက်ထားမှုကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၁၀ ရက်အထိ လျှောက်လွှာများ လက်ခံပေးခဲ့ရာ MRCCI မှတစ်ဆင့် လျှောက်ထားသူ (၆၄၈) ဦးရှိခဲ့ကြောင်း၊ ချေးငွေကို စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် ချေးငွေလျှောက်ထားသူ (၄၁၇) ဦးရှိခဲ့ရာ ပထမအကြိမ်ဦးရေထက် ပိုမိုများပြား လာကြောင်း၊ MRCCI မှ အလုပ်အမှုဆောင် ဦးကျော်စိုးနိုင်က ပြောကြားသည်။
ဒုတိယအကြိမ် ချေးငွေလျှောက်လွှာခေါ်ယူရာတွင် ဦးစားပေးလုပ်ငန်းကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြင်ပပို့ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြင်တွင်း ထုတ်လုပ်မှုမှ ပြင်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain)တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြင်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ စသည့်လုပ်ငန်းများပါဝင်ကြောင်းသိရပြီး ပထမအကြိမ် ချေးငွေရရှိပြီးသူများ ထပ်မံလျှောက်ထားခွင့်မပြုကြောင်း သိရသည်။
ပထမအကြိမ် ကိုဗစ်-၁၉ ချေးငွေလျှောက်ထားမှုတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်ပေါင်း (၄၁၇)ဦး လျှောက်ထားခဲ့ရာ (၃၅၇)ဦး ချေးငွေရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)