ကျောက်ဆည်၊ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရန်ကုန်-မန္တလေးကားလမ်း ထနောင်ပင်လှကျေးရွာ၊ကေသီဦး စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယနေ့နံနက် (၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ ကျောက်ဆည်မြို့အတွင်းသို့ အခြားတိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝင်ရောက်လာသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွာရာဇဝင်များမေးမြန်းခြင်း၊ ကိုယ်ရေးအချက်အလက်မှတ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူ
တစ်ဦးဦးတွင် အပူချိန်မြင့်တက်ခြင်း၊ ကိုဗစ်-၁၉ရောဂါသံသယလက္ခဏာများ တွေ့ရှိခဲ့ပါက လက်ချောင်းထိပ်တွင် သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ ဆောင်ရွက်ပြီး သွေးအတွင်း အောက်ဆီဂျင် (၉၂)ရာခိုင်နှုန်းအောက်
တွေ့ရှိပါက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး Test kitစနစ်ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရီးသွားပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)