ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်သူ များ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာ ရေးမှူး(၂) ဦးမျိုးမြင့်ဟန်က ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများတွင် မိုးတွင်းကာလ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မိမိတို့နေအိမ်၊ ရပ်ကွက်၊ ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သော ရေနုတ် မြောင်းများအတွင်း ခြင်များခိုအောင်းမှုမရှိစေရေးအတွက် ခြင်ပေါက်ပွားနိုင်သည့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက် ပေးရန်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်း များနှင့်၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများတွင် ဒေသဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့် အချက်အလက်များနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက ရောဂါလက္ခဏအခြေအနေများ၊ ကုသရေးအပိုင်းများအား အသိပညာပေးဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွား ရရှိစေရေးအတွက် ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများအား အပတ်စဉ် Talk Show အစီအစဉ်ဖြင့် ရိုက်ကူးတင်ဆက် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။