မြောက်ဥက္ကလာပ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ ရွှေပေါက်ကံရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိရန် ဖွင့်လှစ်မည့် Quarantine Centre သို့ ယမန်နေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး အုပ်ချုပ် ရေးမှူး ဦးစိုးစိုးဇော်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာဥမ္မာစိန်နှင့် တာဝန်ရှိသူများက ရွှေပေါက်ကံရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိရန် နေရာအခက် အခဲရှိ/မရှိ၊ ရေချိုခန်း၊ အိမ်သာအဆင်ပြေခြင်းရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး သက်မှတ်ထားသည့် အကွာအဝေး ထားရှိနိုင်မည့် အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ လည်း ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို ကြက်ခြေနီများ၊ Volunteer များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအား ဝေဘာဂီရပ်ကွက်ရှိ စက်မှု လက်မှုကျောင်းတွင် ထားရှိထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြမြဝင်း