မလှိုင်မြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မလှိုင်၊ ဇူလိုင် ၁
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မန္တလေးတိုင်းဒသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာခရိုင်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်ခင်မာထူးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသက်(၁၈)နှစ် မပြည့်သေးသူကို ကလေး သူငယ် သတ်မှတ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေး နှင့်ပတ်သက်၍ နိုင်ငံအတွင်းမွေးဖွားသည့် ကလေးတိုင်းခွဲခြားဆက်ဆံခံရမှု မရှိစေရပဲ မွေးဖွားခြင်းကို အခမဲ့ မှတ်ပုံတင်ခွင့် ရှိကြောင်း၊ မွေးဖွားကြောင်းမှတ်ပုံတင်သည့်ကလေးသူငယ်တိုင်း နိုင်ငံသား ဖြစ်မှုဆိုင်ရာအခွင့် အရေးကို တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ရရှိ စေနိုင်ကြောင်း ၊ ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လစ်လျှုရှုခြင်း၊ ခေါင်းပုံဖြတ်အကြမ်း ဖက်ခြင်းတို့ မှ ကာကွယ်ပေးထားခြင်းအကြောင်း၊ ကလေး သူငယ်၏ကျင့်ဝတ် စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူ ဆရာ/မ များ၏ တာဝန်ဝတ္တရားများ ၊ ကလေး သူငယ်များကို ရိုက်နှက် ပြစ်ဒဏ် ပေးခြင်းအား လုံးဝခွင့်မပြုပဲ တားမြစ်ထားကြောင်း၊ ကလေးသူငယ်ဥပဒေပါ အကြောင်းအရာ များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ် မွေးစားခြင်းအကြောင်းတို့ကို ပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စု(၅၆) အုပ်စုမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)