မိုင်းယောင်း ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသဝက်သားပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ဒေသတွင်း တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အများ ဆုံးလုပ်ကိုင်ကြသဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန်အတွက် ယခုကဲ့သို့ ဒေသဝက်များကို ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် တာဝန်ရှိသူများသည် ကောင်းကဲကျေးရွာ၊ နမ့်ယွန်းကျေးရွာ၊ ပါပျက်ကျေးရွာ၊ ပန်မကြူ ကျေးရွာနှင့် ဖတ္တူကျေးရွာတို့မှ စုစုပေါင်းအိမ်ထောင်စု(၂၀)စုအတွက် ဒေသဝက်သားပေါက် ကောင်ရေ (၂၀) ကို အသီးသီးဖြန့်ဖြူးပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ မျိုးမြင့်ကျော်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အားချာ