မိုင်းဆတ် ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားရာဇဝင်မှတ်တမ်းရယူခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီ လေယာဉ်ဆိုက်ရောက်ချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်၊ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီး လေဆိပ်ဝန်ထမ်းနှင့် ရပ်/ကျေး စာရေးတို့က ခရီးသည်များ၏ ခရီးသွားရာဇဝင်မှတ်တမ်းရယူခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးခြင်း ရှိ/မရှိ မှတ်တမ်းရယူစစ်ဆေးခဲ့ရာ သံသယလူနာစစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ခရိုင်ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လေဆိပ်အတွင်း ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်စစ်ဆေးမှုနှင့် ပတ်သက်၍ တာဝန်ရှိသူတို့အား လိုအပ်သည်များမှာကြားခဲ့သည်။
အဆိုပါ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်-မိုင်းဆတ်ခရီးသည်(၄၂)ဦး၊ ဟဲဟိုး-မိုင်းဆတ် ခရီးသည် (၁၉)ဦး စုစုပေါင်း ခရီးသည်(၆၁)ဦး မိုင်းဆတ်မြို့သို့ လိုက်ပါစီးနင်းခဲ့ပြီး မိုင်းဆတ်-ဟဲဟိုး ခရီးသည်(၁၇)ဦးနှင့် မိုင်းဆတ်-ရန်ကုန်ခရီးသည်(၄၃)ဦး စုစုပေါင်း ခရီးသည်(၆၀)ဦးဖြင့် မိုင်းဆတ်မြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)