မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၃၀

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပေးဆပ်သူ လူမှုကူညီရေးအသင်း တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လူမှုကူညီရေးအသင်းအဖွဲ့များသည် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့မှုနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းအတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကြိုဆိုဂုဏ်ပြုမိပါကြောင်း၊ ယနေ့ကာလသည် မိုးတွင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်သလို၊ ကိုဗစ်-၁၉ တတိယလှိုင်းသည်လည်း ကြုံတွေ့နေပြီဖြစ်သည့်အတွက် မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လုပ်ငန်းများထိရောက်လျင်မြန်စွာနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် လိုအပ်သည် များကို ဖြည့်ဆည်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပေးဆပ်သူလူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများက လူမှုကူညီရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် PPE ဝတ်စုံ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်များနှင့် အထောက်အကူပြု ပစ္စည်းများ၊ အောက်ဆီဂျင်လိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ရေး၊ လူမှုရေးအသင်းအဖွဲ့ အတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် အဖွဲ့ဝင်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် လုပ်ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နည်းလမ်း များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လူမှုရေးအသင်းအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၀)ကို တာဝန်ရှိသူတို့ထံ ထောက်ပံ့ပေးအပ် ခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုပ်ငန်းများထိရောက် စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျန်လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက် သွားနိုင်ရေးတို့အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်