မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် ဇွန် ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အခြေခံပညာ သင်တန်းကျောင်းများတွင် ပညာသင်ကြားလျက် ရှိသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းနှင့် အပူချိန်တိုင်းတာခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၀) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ပညာသင်ကြားနေသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ် ကျောင်းတက်ချိန်မှစ၍ ကျောင်းချိန်အတွင်း ကိုယ်ခန္ဓာ အပူချိန်ကို (၃) ကြိမ်တိုင်းတာပေးခြင်း၊ မကြာခဏ လက်ဆေးစေခြင်း၊ Mask တပ်ဆင်စေခြင်းနှင့် Social Distancing နှင့်အညီ စာသင်ကြားခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ကျောင်းအတွင်းရှိ စာသင်ခန်းများ၊ စာသင်ခုံများနှင့် လှေခါးများ၊ ကစားကွင်းသုံး ပစ္စည်းများ စသည်တို့ကို ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများအားလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက် ရှိပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများထဲမှ (၃) ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများလည်း ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့်အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ကျောင်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများ ထံမှ သိရသည်။

ချစ်စုဝေ