ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများ၊ စာအုပ်စာပေကောင်းများကို အလွယ်တကူ ဖတ်ရှု့ခွင့်ရရှိစေရန်၊ စာအုပ်စာပေများကို ချစ်မြတ်နိုးသော၊ စာဖတ်ပရိတ်သတ်များ၊ စာပေနှင့်ထိစပ်နီးစပ်ကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး၊ စာပေဗဟုသုတများစွာ ရရှိစေရန်နှင့် ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ရေးအတွက် စာဖတ်သူတို့ကိုယ်တိုင်နှင့် မိမိတို့၏ရင်သွေးငယ်များ၊ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စာရေးဆရာ ရွှေမေတ္တာရှင်က အဆိုပါလူထုအခြေပြုဗဟိုဌာနသို့ ဗုဒ္ဓစာပေဖြစ်သော ဗုဒ္ဓဘာသာဝင်လမ်းညွှန်စာအုပ်(၅၀)ကို လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် စာရေးသူကိုယ်တိုင်ရေးသားသည့် ဗုဒ္ဓဘာသာဝင်လမ်းညွှန်စာအုပ်၌ အခန်းပေါင်း(၇)ခန်းပါဝင်ပြီး အခန်း(၁)တွင် ဘုရားရတနာအကြောင်း၊ အခန်း(၂)တွင် တရားရတနာအကြောင်း၊ အခန်း(၃)တွင် သံဃာရတနာအကြောင်း၊ အခန်း(၄)တွင် ပထမအရွယ်(ပညာရှာ)၊ အခန်း(၅)တွင်ဒုတိယအရွယ်(ဥစ္စာရှာ)၊ အခန်း(၆)တွင် တတိယအရွယ်(ဘာဝနာရှာ)၊ အခန်း(၇)တွင် အထွေထွေသိမှတ်ဖွယ်ရာများကို ပြည့်စုံစွာ ရေးသာထားသည့်စာအုပ်ဖြစ်ပြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များတွင် အသုံးပြုရန် စာရေးသူကိုယ်တိုင် လာရောက်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှဌေးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းခဲ့သောစာအုပ်များကို အများပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှု့ခွင့် ရရှိနိုင်ရန်အတွက်၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များအားလုံးရှိ စာအုပ်စင်များတွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်