ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ သဘာဝဘေးစီမံခန့်ခွဲရေး ခရိုင်အဆင့် အစည်းအဝေးကျင်းပ

ရန်ကုန် ဇွန် ၃၀

ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ခရိုင်အဆင့် သဘာဝဘေးစီမံခန့်ခွဲရေး အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး ရှင်စောပုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ သဘာဝဘေးကြောင့် ပျက်စီးမှုများ ရှိလာပါက ပြန်လည်ပြင်ဆင်ရမည့် လုပ်ငန်းများတွင် ဒေသထွက် ပစ္စည်းများ ရရှိနိုင်မည့် အခြေအနေ ကြိုတင်လေ့ထားရှိရန်၊ သဘာဝဘေးစီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူနှင့်တစ်သားတည်း ဖြစ်စေရန် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ၊ ပရဟိတအဖွဲ့အစည်းများဖြင့် စုဖွဲ့ဆောင်ရွက် ထားရှိရေးတို့အား ရှင်းလင်းဆွေးနွေး မှာကြားသည်။

ထို့နောက် သဘာဝဘေးစီမံခန့်ခွဲရေး ခရိုင်အဆင့် ဌာနဆိုင်ရာများက ဆောင်ရွက်ကြမည့် လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေး တင်ပြကြရာ ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင် ခရိုင်အဆင့်ဌာနဆိုင်ရာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။