လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄၀၀)ဦးကျော်ရှိလာ၊ မြို့တွင်းဝင်မည့် ကုန်တင်ယာဉ်များ မယ်ဟန်စစ်ဆေးရေးဂိတ်၌ စတင်စစ်ဆေး

လားရှိုး ဇွန် ၃၀

ဇွန်လ(၂၉)ရက်နေ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ စာရင်းများအရ စုစုပေါင်း(၁၆၃၆)ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာပေါင်း(၄၀၇)ဦး ရှိကြောင်း သိရှိရသည်။

လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသဆောင်၌ (၁၈၄)ဦး ရှိပြီး ပြည်ထောင်စု အားကစားကွင်း မိုးလုံလေလုံ စောင်ကြည့်ကုသဆောင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား(၄၈)ဦး အမျိုးသမီး(၇၅)ဦး စုစုပေါင်း (၁၂၃)ဦးတို့ ရှိရာ သတ်မှတ်ရက်ပြည့်၍ ဆေးရုံဆင်းသူ(၉၄)ဦး ရှိပြီး သေဆုံးသူ (၆)ဦးရှိကြောင်း သိရသည်။

လားရှိုးမြို့၌ Stay at home ကြေငြာချက်များနှင့်အတူ ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ရာတွင် ကုန်တင်ယာဉ်များသွားလာမှုစံသတ်မှတ်ချက် (Standard Operating Procedure) (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်ထုတ်ပြန်ပြီးဖြစ်သည်။

လားရှိုးမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအဆင်ပြေစေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှုဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ကို ခရိုင်အုပ်ချုပ်မှုစီမံအဖွဲ့က စီစဉ်ဆောင်ရွက်ပြီး မြို့နယ် ကုန်တင်ကုန်ချ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ပုဂ္ဂလိကယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီတို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

လားရှိုးမြို့သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်ကြီးများအနေဖြင့် (SOP)ပါအတိုင်း လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဇွန်လ(၂၉)ရက်နေ့ ထုတ်ပြန်ချက်များအရ သိရပြီး ကုန်တင်ယာဉ်များဝင်ထွက်မှုအတွက် စစ်ဆေးရေးကို လားရှိုး-မယ်ဟန် လမ်းဆုံစစ်ဆေးရေးစခန်း၌ ဇွန်လ(၃၀)ရက်နံနက်ပိုင်းက စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)