နောင်ချို၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ‌ နေ့စဉ်များပြားလျက်ရှိ

နောင်ချို ဇွန် ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ နေ့စဉ် များပြားလျက်ရှိပြီး ဇွန်လ ၂၉ ရက်နေ့တွင် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် လူဦးရေ (၆၈) ဦးကို ဆက်လက်စစ်ဆေးခဲ့ရာ (၂၀) ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ နေ့စဉ် Rapid Test ဖြင့် စစ်ဆေးခဲ့ရာ၌ ရောဂါပိုးတွေ့ရှိသူ ၂၁၉ ဦး၊ ပြင်ဦးလွင်ဆေးရုံ၌ စစ်ဆေးတွေ့ရှိသူ (၃) ဦး စုစုပေါင်း(၂၂၂)ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် ကိုဗစ် - ၁၉ ရောဂါပိုး စိစစ်တွေ့ရှိသူများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများပါ ပါဝင်လာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီထံမှ သိရသည်။

ကိုဗစ် - ၁၉ ရောဂါပိုး စိစစ်တွေ့ရှိသူများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးခြား ကုသဆောင်နှင့် နောင်ချိုမြို့ မြနန်းတော်ဝင်ခန်းမတို့တွင် ကြပ်မတ်ကုသနိုင်ရေး ဆောင်ရွက် ထားရှိကာ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများအား ၎င်းတို့၏ နေအိမ်အသီးသီးတွင် ကိုဗစ် - ၁၉ ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ အသွားအလာ ကန့်သတ်ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီထံမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)