ကျောက်ဆည်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည်   ဇွန်  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက  ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်အတွက် ဂရုပြုနေထိုင်ကြရန်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့်အညီ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက် ကြရန်၊ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများသိရှိပြီး ပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးဘဝမှ သက်ကြီးဘဝအထိ လူမှုကူညီစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ၊  ကလေးသူငယ်ဖွံ့ဖြိုးရေး၊ ကာကွယ်စောင့်ရှောက်ရေးအတွက် တိုင်းဒေသကြီး၊  ခရိုင်၊ မြို့နယ်များတွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများဖွဲ့စည်းပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ကျောက်ဆည်ခရိုင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ပြုစုစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍများ၊ မူခင်းကျဆင်းရေးကိစ္စရပ်များဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားကြရာ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက ဒေသနှင့်ကိုက်ညီသည့်အကျိုးရှိသော လုပ်ငန်း များကို ဥပဒေနှင့်အညီဝိုင်းဝန်းဆောင်ရွက်ပြီး လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး